စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)
တစ်ပွင့်ကြွေ၍ တစ်တောလုံးမွှေးခဲ့သည်
စမ်းချောင်းကလေးထဲမှာ ရေတွေက တသွင်သွင်စီးဆင်းနေကြသည်။ ဟိုချင်းတောင်ပေါ်က မြစ်ဖျားခံပြီး စီးဆင်းခဲ့လို့ထင်ပါရဲ့၊ အေးချမ်းခြင်းသင်္ကေတနှင့် တငြိမ့်ငြိမ့်ကြည်လင်တောက်ပနေ၏။ မှိုင်း ဝေအုံ့ဆိုင်းနေသောမြူခိုးများက ‘‘ဆောင်းရာသီ ပူဇော်ခန်း’’လို တခမ်းတနားအလှဆင်ထားကြ၏။
ချင်းတောင်ထိပ်တစ်နေရာဆီက ငှက်ကလေးများ၏ သီချင်းဆိုလေ့ကျင့်နေကြသံများကိုလည်း တစ်စွန်းတစ်စကြားနေရသည်။ တောင်ဇလပ်ပန်းတွေကလည်း ဦးညွတ်ငြိမ်သက်စွာ ပွင့်ဖူးအသုံးတော် ခံနေကြဆဲ။
************
‘‘ဟေ့…ဘုန်းကြီး၊ နင် ဒီနေ့ ငါတို့ကို ဘာသင်ပေးမှာလဲ၊ သင်ရင် မြန်မြန်သင်နော်၊ ငါတို့က ဒီနေ့ တောထဲသွားပြီး ထင်းခုတ်ရအုံးမှာ’’
ကျောင်းပေါ်သို့တက်လာသော ချင်းကလေးငယ်များ၏ ပဏာမပတ်ပျိုးစကားကိုကြားရတော့ ဦးသုန္ဒရပြုံးလိုက်သည်။
‘‘အေး…အေး…ဒီနေ့ စာကိုခဏပဲသင်မယ်လေ၊ စာသင်ပြီးရင် မင်းတို့အတွက် စားစရာလဲ လုပ်ထားတယ်ကွ၊ စားပြီးမှ တောထဲသွားကြပေါ့ကွာ၊ မနက်ဖြန်တော့ စာသင်ဆောင်နားမှာပေါက်နေတဲ့ မြက်တွေကိုလဲရှင်းရအောင် လာခဲ့ကြအုံး’’
ဦးသုန္ဒရက ကလေးငယ်များ စိတ်ကျေနပ်အောင် ပြောလိုက်သည်။
‘‘မနက်ဖြန်လဲ မုန့်ကျွေးမှာလား’’
‘‘အေးပါ၊ ကျွေးပါ့မယ်ကွာ’’
‘‘နင်မလိမ်ရဘူးနော် ဘုန်းကြီး’’
‘‘ငါမလိမ်ပါဘူး’’
ဦးသုန္ဒရ ဒီရွာလေးကိုစရောက်တော့ အထီးကျန်ခြင်းနှင့် မပျော်ရွင်ခြင်းများက သူ့ကိုအလဲထိုး အနိုင်ယူတိုက်ခိုက်သည်။ အနီးဆုံးမြို့ကိုသွားဖို့တောင် နေ့ချင်းမရောက်နိုင်။ ရွာလေးနာမည်က ‘‘မွားလ်စန်း’’။ တစ်ရွာလုံးရှိပါမှ အိမ်ခြေက နှစ်ဆယ့်ငါးအိမ်ခန့်သာ။ အားလုံးက ခရစ်ယာန်ဘာသာဝင်များ။
နေစရာကလည်း ဘုန်းကြီးကျောင်းလို့သာ ပြောရသည်၊ တကယ်တော့ ဘယ်သူမှမနေသည့် ဝါးကပ်ဆောင်လေးသာ။ ရွာရှိကလေးငယ်များ ကျောင်းတက်ချင်လျှင် ဘေးရွာသို့သွားတက်ရသည်။ ထိုရွာရောက်ဖို့ အနည်းဆုံး ၃ နာရီလောက်သွားရ၏။ လမ်းခရီးကလည်း တောတောင်များကြားကနေ သွားရသည်။ ထို့ကြောင့် ကျောင်းတက်သူများမရှိကြခြင်းဖြစ်သည်။
သာသနာ့တက္ကသိုလ်က ထိုရွာလေးကို သာသနာပြုကြွဖို့ အမိန့်စာရောက်လာတော့ သူငယ်ချင်းများက ပြောကြ၏။
‘‘ဘိုသုန်…မင်းတော့ ကံဆိုးတာပဲကွ၊ အဲဒီ ဒေသက အတော်ခေါင်တယ်လို့ကြားဖူးတာပဲ၊ ဖုန်းလိုင်းလဲမမိဘူးတဲ့၊ ဗုဒ္ဓဘာသာဝင်လဲ တစ်ယောက်မှမရှိဘူးလို့ ပြောတာပဲ’’
သူတို့ပြောသောစကားများက ဦးသုန္ဒရအတွက် အားတက်စရာစကားတစ်ခွန်းမှမပါချေ။
‘‘ဘယ်တတ်နိုင်မလဲကွာ၊ ငါ့ကံပေါ့၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အဲဒီရွာလေးတိုးတက်လာဖို့ကိုတော့ ငါတတ်နိုင်သမျှကြိုးစားရမှာပဲ၊ ငါတို့တစ်တွေကို တက္ကသိုလ်က ပညာတွေသင်ပေးတယ်ဆိုတာက သူများတွေကို တစ်ဆင့်ပြန်လည်မျှဝေပေးဖို့ပဲ မဟုတ်လား’’
ဦးသုန္ဒရ ထိုရွာလေးသို့ သာသနာပြုကြွမယ်ဆိုတော့ သူငယ်ချင်းများက တတ်နိုင်ရာ တတ်နိုင်ရာ ပစ္စည်းလေးများကို အသီးသီးထောက်ပံ့လှူဒါန်းကြသည်။ ဗလာစာအုပ်များ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်များနှင့် ထွန်းရွေဝါ၊ ဦးစိုင်း စသောဆေးဝါးများလည်း စုံလင်လှသည်။ ရွာကိုစရောက်သည်နှင့် ဦးသုန္ဒရ ဒုက္ခများကို စတင်မြည်းစမ်းခွင့်ရတော့သည်။
************
‘‘ဒုန်း…ဒုန်း…ဒုန်း…’’
ညဆယ်နာရီဝန်းကျင်ခန့် ဦးသုန္ဒရ ကျိန်းစက်အနားယူနေချိန် ဝါးကပ်ဆောင်လေးပေါ်သို့ ခဲများဖြင့် အဆက်မပြတ်ပစ်ပေါက်နေကြခြင်းဖြစ်သည်။ ဦးသုန္ဒရသည် ဘေးနားတွင်ထားအိပ်သောဓာတ်မီးနှင့်ထိုးပြီး ‘‘ဘယ်သူတွေလဲကွ’’ဟု အသံပေးလိုက်တော့မှ ရပ်သွားကြသည်။
ထိုရွာလေးတွင် ဆွမ်းပို့သူမရှိ၍ ကိုယ့်ဘာသာချက်စားရသည်။ တစ်နေကုန်လို့လည်း ဦးသုန္ဒရဆီ ရွာထဲကတစ်ယောက်မှရောက်မလာကြ။ အားလုံးကလည်း သူတို့ရွာမှာလာနေသည်ကိုမကြိုက်သည့် မျက်လုံးများဖြင့် ကြည့်ကြသည်။ ဒီရွာ၏အကျိုးကို သယ်ပိုးလိုလျှင် စိတ်ရှည်ဇွဲသန်ရမည်ကို ဦးသုန္ဒရ နားလည်ပါ၏။
နောက်နေ့မနက် ဝေလီဝေလင်းအချိန် အရုဏ်ဆွမ်းဘုဉ်းပေးနေစဉ် ကျောင်းအနားမှာ ရွာသူရွာသားများ ဆူညံဆူညံဖြစ်နေကြသည်ကို ဦးသုန္ဒရ ကြားနေ ရ၏။
‘‘ဆေးဆရာမြန်မြန်သွားခေါ်ပါဟ၊ မြန်မြန်မကုရင် အသက်အန္တရာယ်စိုးရိမ်ရတယ်၊ ကလေးက မှိန်းနေပြီ’’
‘‘ရွာသူကြီး…ရွာသူကြီး၊ ဆေးဆရာက တောထဲသွားတယ်တဲ့’’
‘‘ဟာ…အရေးကြီးပါတယ်ဆိုမှကွာ… ဒုက္ခပါပဲ’’
‘‘အမယ်လေး…ကျွန်မသားလေးကို ကယ်ကြပါအုံး၊ ဟီး…ဟီး…ဟီး’’
အားလုံးကြံရာမရ ထိတ်လန့်တုန်လှုပ်နေစဉ် ဦးသုန္ဒရ သူတို့အနားရောက်သွားခဲ့သည်။
‘‘ဘာဖြစ်နေကြတာလဲ’’
ရွာသားများအားလုံးက တုတ်တုတ်မျှမလှုပ်ကြ။ ခဏကြာတော့ သူတို့ထဲကလူတစ်ယောက်က ပြောသည်။
‘‘မြွေကိုက်ခံရတာ ဘုန်းကြီး၊ နင် ဘာလုပ်တတ်မှာမို့လို့လဲ’’
အကြောင်းစုံကိုသိရပြီးနောက် ဦးသုန္ဒရသည် ကျောင်းသို့အလျင်အမြန်သွားကာ ဆေးအိတ်ကိုယူလာခဲ့သည်။ ကလေးကို အဆိပ်ပြေဆေးတိုက်၍ ဒဏ်ရာကိုဆေးထည့်ပေးနေစဉ် –
‘‘ဘုန်းကြီး…ငါတို့ကလေး တစ်ခုခုဖြစ်လို့ကတော့နော်…’’ ဟု ကြိမ်းဝါး၏။
ဦးသုန္ဒရသည် ထိုသူအား ဘာမှပြန်မပြောဘဲ လုပ်စရာရှိသည်များကိုသာ ဆက်လုပ်နေခဲ့သည်။
‘‘ကဲ…ကဲ…ခင်ဗျားတို့ကလေးအသက်အန္တရာယ်မရှိတော့ပါဘူး၊ မနက်ဖြန်တော့ ဆေးလာထည့်လှည့်အုံး’’
ထိုမျှသာပြောပြီး ဆေးအိတ်ကိုဆွဲကာ ဦးသုန္ဒရပြန်လာခဲ့သည်။ တက္ကသိုလ်တွင် သာသနာပြုကြွမည့် ရဟန်းတော်များကို တိုင်းရင်းဆေးပညာများ သင်ပေးထား၍တော်သေးသည်ဟု ဦးသုန္ဒရ ကျေးဇူးတင်နေမိသည်။
***************
နောက်တစ်နေ့နံနက်တွင် ရွာသူကြီးသည် ကျောင်းသို့ရောက်လာခဲ့သည်။
‘‘ဘုန်းကြီး…မနေ့က နင်ဆေးကုပေးတာ တို့ရွာက ကလေးသက်သာတယ်အေ့၊ နင့်ကို ကျေးဇူးအများကြီးတင်တယ်၊ နောက်နေ့တွေ နင် ကိုယ့်ဘာသာထမင်းချက်မစားနဲ့တော့၊ နင့်အတွက် ငါတို့ရွာကပို့ပေးမယ်”
ထိုနေ့ကစပြီး ဦးသုန္ဒရမှာ ရွာနှင့်အဆင်ပြေလာပြီး ရင်းနှီးလာခဲ့ကြသည်။ ညတွေမှာ ကျောင်းသို့ အလည်လာ၍ စကားပြောသော ရွာသားများလည်း ရှိလာခဲ့သည်။
“ရွာသူကြီး…ဒီရွာက ကလေးတွေကို စာသင်ပေးချင်တယ်ဗျာ၊အဲဒါ ကလေးတွေကိုစုပေးပါလား၊ သူတို့ ပညာသင်ဖို့လိုတယ်”
စကားစပ်မိသဖြင့် ဦးသုန္ဒရက ရွာသူကြီးကို အကူအညီတောင်းလိုက်သည်။
“ဘုန်းကြီး…နင်စာသင်ပေးဖို့ လွယ်မှာမဟုတ်ဘူး၊ ဒီက ကလေးတွေက တောင်ယာအလုပ်တွေကိုသာစိတ်ဝင်စားတာ၊ သိပ်လဲမအားကြဘူး၊ နင် သင်ပေးချင်တယ်ဆိုရင်တော့ ငါ ရွာထဲကိုစည်းရုံးကြည့်အုံးမယ်”
ထိုသို့ ရွာသူကြီး၏ကြိုးပမ်းမှုကြောင့် နောက်နေ့တွင် ကလေး ၁၂ ယောက်ခန့်ရောက်လာကြသည်။ ကလေးဟုသာဆိုရသော်လည်း ၁၅ နှစ် ခန့်အရွယ်များလည်းပါ၏။ တောထဲတွင် အလုပ်လုပ်လာရ၍ အားလုံး၏အဝတ်အစားများက ကြေးအထပ်ထပ်နှင့်ဖြစ်၏။ စုတ်ပြဲနေသောအကျီကြောင့် ဝမ်းဗိုက်နေရာနှင့် ကျောနေရာများတွင် မည်းနက်သော အသားအရေကိုလည်း မြင်နေရသည်။
အများစုက ဖိနပ်မပါကြ။ တချို့က ဆင်တစ်ဖက် မြင်းတစ်ဖက်ဖိနပ်များကို စီးလာကြသည်။ တွေ့ရာဖိနပ်များကိုစီးလာကြသောကြောင့် ဖိနပ်များက ဖနောင့်ထက်ပိုရှည်နေကြသည်။ ပြူတစ်ပြူတစ်ဖြစ်နေသောနှပ်များကို လက်ဖမိုးနှင့်သုတ်ထားသောကြောင့် ပါးပြင်ထက်မှာ သနပ်ခါးလိမ်းထားသလို ရှည်မျောမျောအကြောင်းကြီးက ခြောက်သွေ့နေ၏။
ဗိုလ်ကေဆိုတာ ဘာမှန်းမသိလောက်အောင်ပင် ဆံပင်များကဖရိုဖရဲ။ မျက်နှာပြင်တစ်ခုလုံးမှာလည်း အိုးမဲများကပေကျံနေသည်။ ဘောင်းဘီက ခွပြဲနေ၏။ သူတို့ကတော့ သိပ်မထူးဆန်းသလို ရှေ့တည့်တည့်မှာထိုင်နေကြသည်။
ထိုကဲ့သို့စတင်ခဲ့သော ဦးသုန္ဒရ၏ စာသင်ကျောင်းလေးသည် စာကျက်စာအံသံများဖြင့်စည်ကားလာသည်။ တစ်နေ့ထက်တစ်နေ့ ရွာကလည်း ဦးသုန္ဒရကို ပို၍အားကိုးလာကြသည်။
“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ ။
နေခြည်မှာ ရွေရည်လောင်း
ငါတို့စာသင်ကျောင်း”
ကလေးငယ်များ၏ အားကြိုးမာန်တက် စာကျက်သံများကိုကြားရတော့ ဦးသုန္ဒရ ကျေနပ်နေမိသည်။ ယခုကဲ့သို့ဖြစ်လာဖို့ သူကြိုးစားခဲ့ရသည်မဟုတ်ပါလား။ တစ်နေ့တော့ ဦးသုန္ဒရ စာသင်နေစဉ် –
“ဘုန်းကြီး … နင့်ကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ၊ နင်တစ်ခုခုဖြစ်နေသလား”
မျက်နှာမရွင်မလန်းဖြစ်နေသည့် ဦးသုန္ဒရအား တပည့်တစ်ယောက်ကမေးသည်။ ဦးသုန္ဒရလည်း ကိုယ့်ကိုယ်ကိုယ်အားတင်းရင်း တပည့်များကို ဟန်မပျက်ပြန်ပြောရသည်။
“နေကောင်းပါတယ်ကွ၊ မနေ့က ပင်ပန်းသွားလို့ပါ၊ ကဲ…ကဲ…ကိုယ့်စာကိုယ်ဂရုစိုက်ကြ၊ စာဆက်သင်မယ်”
မနေ့က ကလေးတွေနှင့်တောထဲသွားရင်း သစ်ငုတ်စူးခဲ့သည့်ဒဏ်ရာက မသက်သာ။ အနာကကြီး၍ အတော်လည်းနက်၏။ ပြန်လာကတည်းက ဆေးထည့်ထားသော်လည်း မသက်သာသည့်အပြင် လမ်းလည်းမလျှောက်နိုင်။ တစ်ညလုံးလည်းအိပ်မရခဲ့။ ဒီနေ့တော့ အနာကပို၍ရင်းလာပြီး ဖျားချင် သလိုလိုဖြစ်လာသည်။ ကလေးများကိုတော့ ခါတိုင်းရက်ထက်စောပြီး အိမ်ပြန်လွှတ်လိုက်သည်။
*****************
“ဘုန်းကြီး …ဘုန်းကြီး”
ရွာသူကြီးက ကျောင်းအပြင်ကနေအော်ခေါ်နေသော်လည်း အတွင်းကမည်သည့်တုံ့ပြန်သံမှ မကြားရ။ ထိုအချိန် ကလေးများကလည်း စာသင်ဖို့ ကျောင်းရောက်လာကြသည်။
“ဟေ့…မင်းတို့ဘုန်းကြီး ဘာသံမှလဲမကြားရဘူး၊ ကျောင်းပေါ်တက်ကြည့်ရအောင်”
ရွာသူကြီးကဦးဆောင်၍ ကလေးများနှင့်တက်ကြည့်ကြသည်။ ဦးသုန္ဒရကား သင်ဖြူးဖျာလေးပေါ်တွင် စောင်ခြုံကာ ခိုက်ခိုက်တုန်အောင်ချမ်းနေရှာသည်။ သစ်ငုတ်စူးသောဒဏ်ရာက မေးခိုင်ပိုးဝင်နေသည့်အပြင် ငှက်ဖျားပါမိနေ၏။ ဦးသုန္ဒရသည် စကားပင်မပြောနိုင်တော့ဘဲ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ထိုအခြေ အနေကိုသဘောပေါက်သွားသော ရွာသူကြီးက –
“ဟေ့…ကလေးတွေ၊ ရွာထဲကလူတွေကို မြန်မြန်သွားခေါ်စမ်း၊ ဘုန်းကြီးကို ဆေးရုံပို့မှဖြစ်မယ်၊ မြန်မြန်သွား”
ကလေးတစ်ယောက်က အတင်းပြေးဆင်းသွားပြီး ရွာထဲကလူများကိုသွားခေါ်သည်။ ရွာသားများရောက်လာသောအခါ သွားရေးလာရေးခက်ခဲသဖြင့် ဦးသုန္ဒရကိုထမ်းစင်ပေါ်တင်၍ ဆေးရုံသို့ပို့ ရန်ပြင်ဆင်ကြသည်။
**************
ညသည် အလင်းရောင်ကိုအနိုင်ယူပြီး မှောင်သည်ထက်မှောင်လာ၏။ ရွာသူရွာသားတချို့က စီးကျလာသောမျက်ရည်များကိုသုတ်ပစ်ရင်း ရင်ထဲတွင် ဝမ်းနည်းနေကြသည်။ မျှော်လင့်ချက်မဲ့သဖြင့် ခြေလှမ်းများကလေးလံနေကြသည်။ သူတို့ဆရာပြန်အလာကို စောင့်မျှော်နေကြမည့် ရွာက ကလေးငယ်များကို မြင်ယောင်မိတော့ ပို၍ဖြေသိမ့်မရဖြစ်ကြသည်။
ဦးသုန္ဒရမှာ ဆေးရုံသို့ပင်မရောက်လိုက်ဘဲ လမ်းခရီးမှာပင် ပျံလွန်တော်မူသွားရှာသည်။ မိမိတို့၏ကျေးရွာအကျိုးကိုသယ်ပိုးသွားသော ဦးသုန္ဒရအား တစ်ရွာလုံးက နှမြောတသ ယူကျုံးမရဖြစ်ကြ၏။ မွားလ်စန်းရွာ၏ တောင်ဘက်တည့်တည့်တွင်ကား “ဦးသုန္ဒရ၊ သက်တော် ၂၈နှစ်” ဟူသော အုတ်ဂူဖြူဖြူလေးကို ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသည်။ ။
အရှင်ကိတ္တိသာရ (လက္ကပင်)