စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

မုတ်သုံလေအား ပြန်ကြားချက်

တဟူးဟူးလျှင်

ဦးလည်မသုန်၊ မာန်အဟုန်ဖြင့်

သံစုံဟစ်ကျူး၊ တိုက်ခတ်မြူးသည်

မြားဦးအသွင် မုတ်သုံရှင်။

 

အဏ္ဏဝါပင်လယ်၊ အပြောကျယ်၍

ကြောက်ဖွယ်ရေပြင်၊ ကမ်းမမြင်လည်း

သင်လျှင်ကူးဖြတ် ကျော်ခဲ့ပြီ။

 

အားအင်ခိုင်ဖြီး၊ တောင်မြင့်ကြီးတို့

ဟန့်ဆီးမတ်မား၊ ကွယ်ကာငြားလည်း

သင်ကားခုန်ဖြတ် ကျော်ခဲ့ပြီ။

 

တောအုပ်ညို့ညို့၊ မှိုင်းမှိုင်းမို့လျက်

ဆိုင်းဆို့ဘယ်ညာ၊ ထပ်ထပ်ကာလည်း

သင့်မှာတိုးဖြတ် ကျော်ခဲ့ပြီ။

 

ထိုနောက်ပြီးသော်

အံ့ချီးဖွယ်ရာ၊ သည်မြေချာကို

ဖြာဖြာငွေမိုး၊ သင်သွန်းဖြိုးသော်

ပြိုးပြိုးပြက်ပြက်၊ စိန်ရောင်လက်၍

မြေထက်အဆုံး၊ မြရည်ဖုံးသည်

ပတ်ကုံးဝန်းကျင် သာလေပြီ။

 

တဟူးဟူးလျှင်

ဦးလည်မသုန်၊ မာန်အဟုန်ဖြင့်

သံစုံဟစ်ကျူး၊ တိုက်ခတ်မြူးသည်

မြားဦးအသွင် မုတ်သုံရှင်။

 

သင်၏ဘဝ၊ သင့်အလှကို

မြင်ရသောခါ၊ စာဆိုငါဝယ်

ပူဗျာပျောက်ကွယ်၊ စိုးထိတ်ပြယ်၍

အံ့ဖွယ်ကြည်စင်၊ အားသစ်ဝင်ခဲ့

သည်တွင်ခရီး၊ လျှိုမြောင်ဆီးလည်း

မညည်းမနွမ်း၊ ဖြတ်ကျော်လှမ်း၍

တေးဆန်းသာမော၊ သီဆိုနှောမည်

လောကအလုံး သာစေသော။  ။

 

မင်းယုဝေ

Scroll to Top