စာချစ်သူအတွက် စာလက်ဆောင်(ရသစာတမ်း)
မမြင်ရသည်တို့သည် ဖောက်လှဲဖောက်ပြန်ဖြစ်တတ်ကြကုန်၏
ကိုယ်တိုင်က မီးရထားဝန်ထမ်းဆိုတော့ မီးရထားနှင့်ပဲဥပမာပေးပြီး မြင်သာထင်သာအောင် ပြောပြကြည့်ချင်ပါသည်။
ရထားတစ်စင်း ဘူတာ ၂ ခုကြားဖြစ်ဖြစ်၊ ဘူတာယာဒ်ဝင်းထဲမှာဖြစ်ဖြစ် တွဲလမ်းချော်တာမျိုးက ဖြစ်လေ့ဖြစ်ထရှိသော မတော်တဆမှုပဲဖြစ်သည်။ ရထားတွဲ လမ်းချော်ပြီဆိုလျှင်ဖြင့် ဘူတာ ၂ ခုကြား လမ်းပိုင်းမှာ ရထားထိန်းဟုခေါ်သည့် ဂါတ်ဗိုလ်ကြီးက ရထားလမ်းချော်သည့်အခြေအနေဖြစ်သော မိုင်တိုင်ဘယ်လောက်နှင့် ဘယ်လောက်ကြား၊ ဘယ်တွဲက ဘယ်နှဘီး၊ သံလမ်းအပြင်ချော်ကျတာက ဘီးနံပါတ်ဘယ်လောက်၊ သံလမ်းအတွင်းမှာ လမ်းချော်တာကဘယ်ဘီး စသည်ဖြင့် ပြည့်စုံအောင် ဖော်ပြထားသောစာတိုကို အနီးဆုံးဘူတာသို့ အမြန်ဆုံးရောက်အောင်ပေးပို့ရပါသည်။
သည်ဘက်ခေတ်ကာလတွေမှာတော့ လူတိုင်းနီးပါး လက်ကိုင်ဖုန်းကိုင်ကြသည်မို့ သတင်းအချက်အလက်ကို အချိန်နှင့်တစ်ပြေးညီပေးပို့နိုင်ကြပါပြီ။ လွန်ခဲ့သော ၁ဝ နှစ်ကျော်ကာလတွေတုန်းကတော့ ဖုန်းအဆက်အသွယ်အားနည်းလွန်းသည်မို့ သတင်းပို့ရတာ အလွန်ပဲခက်ခဲလှပါသည်။ ရထားလမ်းနှင့် ကားလမ်းနီးလို့ကတော့ မထောင်းတာလှသော်လည်း ဝေးလို့ကတော့ အနီးဆုံးဘူတာရောက်အောင် စက်ခေါင်းကို တွဲဆိုင်းကနေဖြုတ်ပြီးသွားတာမျိုး၊ စက်ခေါင်းမောင်းအကူက လမ်းလျှောက်ပြီး သွားရောက်သတင်းပို့ရတာမျိုး လုပ်ရသည်။ သည်တော့ ကြန့်ကြာသည်ပေါ့။
လမ်းပိုင်းအတွင်း လမ်းချော်ကျပြီဆိုသည့် သတင်းကြားသည်နှင့် သွားလာရေးအုပ်ကြီး၊ စက်ခေါင်းအုပ်ကြီး၊ တွဲအုပ်ကြီး၊ လမ်းဗိုလ်ကြီးတို့ရှိသည့်နေရာကနေ ရောက်အောင်ပြေးပေတော့ပဲ။ တွဲအုပ်ကြီးက လမ်းချော်တွဲ သံလမ်းပေါ်ရောက်အောင် သူ့စွမ်းဆောင်ရည်ပြရမည်မို့ သည်အတိုင်း လူလွတ်သွားလို့ကမဖြစ်။ သူ့လုပ်သားရဲဘော်များနှင့်အတူ လမ်းချော်တွဲ မတင်ရမည့် ဂျိုက်တွေ၊ ဖားတုံးတိုတွေ သယ်ယူရပေဦးမည်။ လမ်းဗိုလ်ကြီးသည်လည်း ပျက်စီးသွားသောလမ်းကိုပြင်ဆင်ဖို့ သူ့လမ်းလုပ်သားတွေနှင့်အတူ လုပ်ငန်းသုံးကိရိယာများဖြစ်သည့် ပေါက်ချွန်း၊ ဂေါ်ပြား၊ တူးရွင်း၊ ကိုက်တံ၊ ရေချိန်တွေယူပြီး လမ်းချော်သည့်နေရာသို့ ချီတက်ကြရပေလိမ့်မည်။
နောက်ရထားရှိလို့ မတော်တဆမှုဖြစ်သည့်နေရာနှင့် အနီးဆုံးဘူတာအထိ လိုက်ပါရတာမျိုး၊ ရထားမရှိလို့ ကားနှင့်သွားရတာမျိုး၊ ခြေကျင်သွားလိုက်ရတာမျိုး၊ ဘယ်လိုမျိုးပဲဖြစ်ဖြစ် ဝန်ထမ်းတွေကတော့ မရောက်ရောက်အောင်သွားရမှာပဲဖြစ်ပါသည်။ လမ်းချော်တွဲ အမြန်တင်၊ လမ်းအမြန်ဖွင့်ဖို့ အရေးကြီးသည်ပဲလေ။ မော်တော်ကားလို ကွေ့ပတ်သွားလို့ရတာမှမဟုတ်တာကိုး။ သည်တော့ အရေးကြီးသည်ပေါ့။
ခက်သည်က ကျွန်တော်ပြောခဲ့သော အုပ်ကြီးတွေ စုံညီအောင်မရောက်ဘဲနှင့် လမ်းချော်တွဲကို မတင်ခွင့်ရမည်မဟုတ်။ သွားလာရေးအုပ်ကြီး ဦးဆောင်ပြီး လမ်းချော်ကျရသောအကြောင်းအရင်းကို အဖြေရှာကြရဦးမည်။ မြင်သာထင်သာသည့် ဘရိတ်တုံးပြုတ်ကျပြီး တွဲဘီးကနင်းမိကာ လမ်းချော်ကျတာမျိုးဆိုလျှင် တွဲဌာနကတာဝန်ယူ။ သံလမ်းက အဆက်ပြတ်နေတာမျိုး၊ သံလမ်းရှိရမည့် တစ်မီတာအကျယ်ထက် သိသိသာသာကားနေတာမျိုးဆိုလျှင် သံလမ်းဌာနကတာဝန်ယူ။ အဲ…မြင်သာ ထင်သာမရှိလျှင်တော့ ဘယ်နေရာက စကျသလဲရှာပြီး လမ်းကိုတိုင်းတာပေတော့။ တွဲကိုလည်း စိမ်ပြေနပြေဖြင့် စိန်၊ ကျောက်စစ်သလိုကို စစ်ကြပေတော့။ ငြင်းရခုံရတာနဲ့ လမ်းချော်တွဲလမ်းပေါ်မရောက်ဘဲ တိုင်ပတ်နေတာကိုက နာရီနှင့်ချီပြီးကြာချင်လည်း ကြာသွားတတ်ပါသည်။
တာဝန်ယူခြင်း၊ တာဝန်ခံခြင်းနှင့် မယဉ်ပါးသော ကျွန်တော်တို့ မိမိဌာနကတာဝန်ယူရမှာကို လွန်စွာကြောက်ရွံ့ထိတ်လန့်ကြပါသည်။ လန့်လည်းလန့်လောက်ပါသည်။ ကိုယ့်ဌာနတာဝန်ယူရလို့ကတော့ ရာထူးချတာ၊ လစာဖြတ်တောက်တာ၊ အလုပ်ထုတ်ပယ်တာအထိပင် ပြင်းထန်စွာအပြစ်ပေးကြသည့် အထက်ပုဂ္ဂိုလ်ကြီးများ၏ရာဇမာန်က ရှတလွန်းသည်ပဲလေ။ သည်တော့ သိသာ၊ မြင်သာလည်း မရမက မျက်စိစုံမှိတ်ငြင်းတော့သည်။ တစ်ဝက်ပဲသက်သာသက်သာ ပူးတွဲခေါ်ယူဖို့ကြံစည်တော့သည်။ မမြင်နိုင်သောပြစ်ချက်များကို ဖော်ထုတ်ကြသည်။ မျက်မြင်မှမဟုတ်လေတော့ တွဲပြင်စက်ရုံမှာ တွဲတစ်တွဲလုံးဖြုတ်စစ်တာမျိုး၊ စက်ခေါင်း၏အမြန်နှုန်းဂရပ်စစ်တာမျိုး၊ သံလမ်း၏ ကွေ့ဒီဂရီကို ဇွတ်တိုင်းတာတာမျိုးဖြင့် သေဖော်ညှိဖို့ ဥပဒေတွေ၊ နည်းဥပဒေတွေ၊ သီအိုရီတွေကို စာအုပ်စိမ်းကြီးထဲကအတိုင်း အလွတ်ရွတ်ကြပါတော့သည်။ မီးရထားဥပဒေစာအုပ်တွေဖြစ်သည့် အထွေထွေနည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်၊ အချက်ပြနည်းဥပဒေစာအုပ်အဖုံးတွေက အစိမ်းရောင်ပဲဖြစ်ပါသည်။
ဦးဆောင်သူ သွားလာရေးအုပ်ကြီးလည်း တာဝန်ယူမှုမပြီးမပြတ်ဖြင့် အပေါ်ကထောင်းတာခံရင်း သံသရာရှည်တော့သည်။ သွေးအေးသွားတော့မှ ဘယ်ဌာနရဲ့တာဝန်လုပ်လိုက်တော့လည်း ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ်ဆိုသော အထက်ပုဂ္ဂိုလ်ကြီးများလည်း နောက်တစ်မှုအပေါ်အာရုံရောက်ပြီး ပြစ်ဒဏ်လည်း နည်းနည်းပေါ့သွားပါတော့သည်။ သည်လိုပဲ ကြံဖန်ကြ၊ ခရီးတွေဆက်ကြ၊ ရထားတွေခုတ်မောင်းကြတာ နှစ်ပေါင်းကိုပဲ ၁၄၃ နှစ်တိုင်ပြီလေ။
+++++++++++++++
မမြင်ရသောပြစ်ချက်များ၊ ချို့ယွင်းမှုများကို မေ့ထားလို့မရကြောင်း ကျွန်တော် ပြောပြနေခြင်းပဲဖြစ်ပါသည်။
အပြင်ပန်းအရ ဘာပြစ်ချက်မှမရှိသော်လည်း တွဲပြင်စက်ရုံမှာ တွဲကိုယ်ထည်အပေါ်ပိုင်းကို ဟိုက်ဒရောလစ်ဂျိုက်ကြီးနှစ်ခုဖြင့် ခွာထုတ်လိုက်ပြီး အောက်ပိုင်းဘိုဂီ၏ အဆာပလာအစိတ်အပိုင်းအားလုံးကို တစ်ခုချင်း အသေးစိတ်ပြူးပြဲကြည့်လိုက်သည်နှင့် တစ်ခုမဟုတ်တစ်ခုကတော့ မူမမှန်ဖြစ်နေတတ်ကြပါသည်။ မမြင်ရသည်တို့ ဖောက်လှဲဖောက်ပြန်ဖြစ်နေခြင်းပါပဲ။ သည်တော့ မမြင်နိုင်သောအရာတွေကို ပေါ့တန်စွာမေ့ထား၊ ပစ်ထားလိုက်သည်နှင့် ရထားတွဲလမ်းချော်ကျနိုင်သည့်ပြစ်ချက်ကို လျစ်လျူရှုခြင်းပဲဟု စွပ်စွဲ၍ရနိုင်ကောင်းပါသည်။ သို့မို့ကြောင့် မမြင်နိုင်သောအရာတွေကို မေ့ထားလို့မရကြောင်း ကျွန်တော် ထပ်လောင်းပြောချင်ပါသည်။
မမြင်နိုင်တာတွေအပေါ် အရေးတယူမရှိကြသည့်ထဲမှာ ကျွန်တော့်ဝန်းကျင်ကမိတ်ဆွေတချို့၊ ဝန်ထမ်းတချို့လည်း ပါဝင်ပါသည်။ သူတို့ဆိုင်ကယ်စီးသည့်အခါ ဦးထုပ်ဆောင်းလေ့မရှိ။ အဲ… လမ်းဆုံမီးပွိုင့်မှာ ယာဉ်ထိန်းရဲတွေ ဆိုင်ကယ်ဦးထုပ်စစ်နေသတဲ့ဆိုလျှင်တော့ ဦးထုပ်ဆောင်းတော့သည်။ ဒဏ်ငွေကြောက်ကြသည်ကိုး။ တကယ့်ကို အလွဲတွေပဲဖြစ်ပါသည်။ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၏ရည်ရွယ်ချက်က မမျှော်မှန်းနိုင်သည့်အန္တရာယ်ကြောင့် မတော်တဆမှုဖြစ်သည့်အခါ ထိခိုက်အနာတရ နည်းနိုင်သမျှနည်းအောင် ဆောင်းရတာကိုသိသိနှင့် အရေးတယူမရှိကြခြင်းပဲဖြစ်သည်။ အဲ…မမြင်နိုင်သည့် သရဲ၊ တစ္ဆေတို့ကျ ဖိမ့်ဖိမ့်တုန်အောင် ကြောက်ကြပြန်ပါရော။
ရှိပါသေးသည်။ အဝေးပြေးလမ်းမကြီးတွင် ကားမတော်တဆမှုဖြစ်ရခြင်းအကြောင်းအရင်းတွေထဲမှာ အများစုက ကားဘီးပေါက်၊ တာယာကွဲရာကနေ မှောက်သွားကြတာပဲဖြစ်ပါသည်။ တာယာက ဆွေးနေသလား၊ သင်္ဘောချတော့ဆိပ်ကမ်းမှာ နေပူမိုးရွာအောက် လပေါင်းကြာမြင့်စွာထားရတာမို့ မမြင်နိုင်တဲ့ချွတ်ယွင်းမှုတွေရှိနေသလားဆိုပြီး စစ်ဆေးမှုပျက်ကွက်ခဲ့ကြပါသည်။ အဲဒီပျက်ကွက်မှုက လူ့အသက်တွေကိုခြွေသွားကြတာပါပဲ။
ကမ္ဘာကြီးတစ်ခုလုံး ပက်ပက်စက်စက်ခံလိုက်ရသော အခုဖြစ်ပေါ်ခဲ့သည့် COVID-19 ကပ်ရောဂါဆိုးကြီးဆိုလျှင်လည်း လူအတော်များများက မမြင်နိုင်သောအရာမို့ ပေါ့တန်စွာထားခဲ့ကြရာမှ ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်သွားရသည်ပဲမဟုတ်လား။ အီဘိုလာဗိုင်းရပ်စ်လိုမျိုး အဖုတွေအပိမ့်တွေထွက်လာတာ မဟုတ်လေတော့ သူလိုကိုယ်လိုအဖြစ် ထင်ရာကနေ ရောဂါဖြန့်သူဖြစ်သွားပါရော။ ရောဂါပြင်းထန်ချိန်မှာတော့ အဆင့်ဆင့်ဖြင့် ရောဂါပြန့်ပွားသွားခဲ့ပြီ။ အီတလီ၊ စပိန်တို့မှာ ကြောက်ခမန်းလိလိ သေဆုံးကြပါတော့သည်။ အသက် ၆ဝ ကျော်ကိုပင် သက်ကြီးရွယ်အိုအဖြစ်သတ်မှတ်ကာ ဆေးကုဖို့ထက် ညင်သာစွာ အသက်ကုန်ဆုံးဖို့ စီမံကြသည်ဟုကြားရတော့ ကျွန်တော် သွေးဆုတ်သွားလောက်အောင် တုန်လှုပ်စွာခံစားရပါသည်။ မမြင်နိုင်သောအရာအပေါ် ပေါ့တန်စွာထားခဲ့ခြင်း၏ ရလဒ်နောက်ဆက်တွဲပဲဖြစ်ပါသည်။ ဆွေမျိုးသားချင်း၏နောက်ဆုံးခရီးကိုပင် ဗီဒီယို Live လွှင့်တာကြည့်ပြီး မျက်ရည်တစိမ့်စိမ့်ကျကာ နေအိမ်ကနေပို့ဆောင်ကြရသည်လောက် ရင်နင့်စရာမရှိတော့ဟု ထင်ပါသည်။
ကျွန်တော်တို့ မမြင်နိုင်သောအရာတွေကို မြင်အောင်ကြည့်တတ်ရပါတော့မည်။ ဆိုင်ကယ်ဦးထုပ်မဆောင်းရာက မတော်တဆမှုဖြစ်သည့်အခါ အသက်ပါပေးလိုက်ရသည်မျိုး၊ အလွယ်တကူမမြင်ရသော ကားအစိတ်အပိုင်းများကို စစ်ဆေးရန်ပျက်ကွက်သည့်အတွက် ကြီးမားသောဆုံးရှုံးမှုဖြစ်သွားတာမျိုး၊ မကြံအပ်မစည်အပ်သော အတွေးများဖြင့် လုပ်ကြံသတင်းဖြန့်သူများ၏ ရည်ရွယ်ရင်းကို မမြင်တာမျိုး ကျွန်တော်တို့ကြုံတွေ့သွားရနိုင်ပါသည်။
ကိုယ်တိုင်က မီးရထားဝန်ထမ်းဆိုတော့ မီးရထားနှင့်ပဲဥပမာပေးပြီး မြင်သာထင်သာအောင် ပြောပြခဲ့ပြီးဖြစ်ပါသည်။ မမြင်နိုင်သောအရာများအပေါ် မမြင်သလိုဘဲသဘောထားလိုက်ကြမည်ဆိုလျှင်ဖြင့် ကျွန်တော်ထင်ပါသည်၊ ရထားတွဲများလို မကြာခဏလမ်းချော်ကျတော့မည်။
သိတဲ့အတိုင်း လမ်းချော်ကျလို့ကတော့ ငြင်းရင်းခုံရင်း၊ တိုင်းရင်းထွာရင်းနှင့်ပဲ လမ်းချော်တွဲ သံလမ်းပေါ် တော်တော်နှင့်ရောက်တော့မည်မဟုတ်။
သေချာတာကတော့ ရထားကြီးခရီးဆုံးရောက်ဖို့ ခက်ခဲနေမည်ပဲ ဖြစ်ပါသည်။ ။
ရဲသျှမ်း