နွေဦးအော်ပရာ ကဗျာများ

နွေဦးအော်ပရာ ကဗျာများ

(၁၂) ကြိမ်မြောက် မဲခေါင်စာပေဆု (ကဗျာပေါင်းချုပ်ဆုရ)

စာအုပ်အမည်- နွေဦးအော်ပရာ ကဗျာများ

ရေးသူ- စလင်းဘုန်းကျော်

တန်ဖိုး- ၃၅၀၀

ပို့ခ- ၁၀၀၀

စာမျက်နှာ- ၂၁၅

ကဗျာဆရာ စလင်းဘုန်းကျော်ရဲ့ ‘နွေဦးအော်ပရာ ကဗျာများ’ ကဗျာပေါင်းချုပ်စာအုပ်ဖြစ်ပါတယ်။ စာအုပ်မှာ ‘ကဗျာဆက်၍ ရေးပါမည်’ ကဗျာကနေ ‘မှီခိုရာအစစ်’ ကဗျာအထိ ကဗျာအပုဒ်ရေ ၆၄ ပုဒ်ပါဝင်ပါတယ်။ ကဗျာစာအုပ်မှာ သရုပ်ဖော်ပုံတွေ ဝေဝေဆာဆာထည့်သွင်းထားပြီး ကဗျာအားလုံးကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေထားတာကြောင့် ကဗျာရသခံစားလိုသူတွေ အကြိုက်တွေ့စေမှာပါ။

++++++++++

ဆရာ့ကဗျာတွေကို ရင်တွင်းမှာ ထည့်သွင်းစီးဆင်းစေတဲ့အခါ လူ့သဘာဝ၊ လူ့ပတ်ဝန်းကျင်ရဲ့ စရိုက်အစုံ ဇာတ်အဖုံဖုံကို စောကြောနားလည်မိရသလို ဖြတ်သန်းရမဲ့ သံသရာခရီးကြမ်းမှာ ချခင်းသွားသင့်တဲ့ စိတ်ဓာတ်နဲ့ ခံယူချက်တို့ကိုလဲ ပြိုးပြက်လင်းထင် သိမြင်လာစေပါတယ်။

ဘဝပေးအခြေအနေအရ ဘယ်ဌာနီ ဘယ်အရပ်ဆီကို ခြေဆန့်နေရပါစေ မိဘနဲ့ရပ်ရွာအရိပ်ဟာ ကိုယ့်ဘေးမှာရှိနေတတ်တဲ့ လူသားတို့သဘာဝအတိုင်း ကဗျာဆရာ့ဘေးမှာ တွယ်ကပ်နေတဲ့ ဆရာ့မိဘတွေနဲ့ ချက်ကြွေမွေးရပ်တို့ရဲ့ အေးမြတဲ့အရိပ်ကို တို့ထိခံစားမိရသလို ကိုယ့်တိုင်းကိုယ့်ပြည်ကိုချစ်တတ်ပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထားတတ်တဲ့ ကဗျာဆရာရဲ့နှလုံးသားကိုလဲ စိမ့်နူးစူးစိုက်စွာ တွေ့မြင်လိုက်ရပါတယ်။

ကဗျာဆရာဟာ လူထဲကလူဖြစ်တဲ့အတိုင်း ဝဲဘက်ရင်အုံထဲမှာ လှိုက်နွေးရှိန်းမြခံစားတတ်တဲ့ နှလုံးသားတစ်စုံ တပ်ဆင်ပါရှိလာတာကို သူ့ကဗျာတွေက လှစ်ဟညွှန်းပြနေသလို ဝန်းကျင်နဲ့ရာသီရဲ့ စာစီလို့မပီတဲ့အလှတွေကို ပစ်ပယ်မေ့ပျောက်မထားတတ်သူဆိုတာလဲ သိမြင်ခွင့်ရစေမှာပါ။

ကဗျာဆိုတာ စကားလုံးလေးတွေကို အလှပဆုံးဖွဲ့သီထားတဲ့ ဘာသာစကားရဲ့ အညွန့်အဖူးလေးတွေဖြစ်တဲ့အတိုင်း ဆရာစလင်းဘုန်းကျော်ရဲ့ နွေဦးအော်ပရာ အညွန့်အဖူးလေးတွေကို ခံစားကြည့်ကြဖို့ ညွှန်းဆိုလိုက်ပါရစေ။

++++++++++

ရင်ထဲကဆရာ

ရာထူးအာဏာ၊ ရှိစဉ်ခါဝယ်

ဆရာ အဘ၊ ဂါရဝဖြင့်

တုပ်ကွရိုကျိုး၊ တပည့်မျိုးတွေ

သက်ဆိုးရှည်ချက် နယ်အစုံ။

လက်ချိုးရေတွက် ဘယ်မကုန်။

ရာထူးအာဏာ၊ မဲ့သောခါဝယ်

လမ်းမှာတွေ့သော်၊ ရှောင်ကွင်းကျော်လျက်

မခေါ်မပြော၊ မျက်နှာကြောတွေ

ရှက်ကြောပတ်ကြ ပြောင်းလဲမြန်။

မက်မောတတ်စွ တစ်ကြောင်းစွဲဟန်။

ဪ…

သည်ယနေ့မူ၊ ကဗျာဟူသည့်

ကြည်ဖြူကမ်းလက်၊ မေတ္တာဆက်ကြောင့်

နှုတ်မြွက်ချိုသာ၊ ခွန်းဆိုလာသည်

“ဆရာ ဆရာ၊ အို ဆရာ”တဲ့

ဆရာချင်းထပ်၊ မနေတတ်အောင်

ဆင့်ထပ်အပြုံး ရှင်းသန့်တည်။

မြင့်မြတ်နှလုံး ဆင်းခံ့ရည်။

ရာထူးအာဏာ၊ ငွေသပြာထက်

ကဗျာချိုတေး၊ စာဆိုရွေးသည်

တေးပန်းလင်္ကာ စမ်းမြအေး။

အေးချမ်းရင်မှာ ပန်းလှမွှေး။ ။

++++++++++

 

စာအုပ်မှာယူမယ်ဆိုရင်တော့-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Scroll to Top