ကိုယ်နှင့်သက်ကို နှင်းဆက်လို၍….

ကိုယ်နှင့်သက်ကို နှင်းဆက်လို၍….

စာအုပ်အမည်- ကိုယ်နှင့်သက်ကို နှင်းဆက်လို၍….

ရေးသူ- ဝေလွင်မောင်

တန်ဖိုး- ၅၅၀၀

ပို့ခ- အခမဲ့

စာမျက်နှာ- ၃၅၅

ထုတ်ဝေသူ- မြဝတီစာပေတိုက်

 

ဆရာဝေလွင်မောင်သည် တပ်မတော်တွင် ခြေလျင်တပ်စုမှူးဘဝမှသည် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်အထိ အဆင့်ဆင့်တာဝန်များကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး သူ၏ကိုယ်တိုင်ရေးဘဝမှတ်တမ်းများကို ပြည့်ပြည့်စုံစုံဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါသည်။

*****

‘ရန်ကုန်မြို့ပေါ်ရှိ ထောက်လှမ်းရေးတပ်များအလိုက် တွေ့ဆုံပြောကြားရာ နောက်တစ်နေ့ ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်တွင် မနက် ၄ နာရီခန့်မှ ခေတ္တအခြေပြုရာသို့ ပြန်လည်ရောက်ရှိခဲ့ပါသည်။ ကျွန်တော်၏ တိုက်တွန်းပြောဆိုချက်များသည် ထိုက်သင့်သောအကျိုးဖြစ်ထွန်းပါသည်။ အချည်းနှီးမဖြစ်ကြောင်း ယုံကြည်မိပါသည်။ အဘယ်ကြောင့်ဆိုသော် တပ်ဖွဲ့ဝင်ဟောင်းများသည် နောက်ပိုင်းကာလများတွင် တပ်မတော်နှင့် နိုင်ငံတော်အပေါ် ဆန့်ကျင်မှုများမရှိကြောင်း တွေ့မြင်နေရပါသည်။ ဤသို့အပြုသဘောဆောင်စွာ တွေ့ရှိရသည်မှာ ကျွန်တော်တစ်ဦးတည်း၏ စွမ်းဆောင်ရည်ကြောင့်မဟုတ်ကြောင်း ရိုးသားစွာဝန်ခံပါသည်။ ကျွန်တော်မသိနိုင်သေးသော ကျန်သောအကြောင်းတရားများ၊ တပ်ဖွဲ့ဝင်ဟောင်းများအချင်းချင်း ဆင့်ကဲဆင့်ကဲထိန်းသိမ်းနိုင်မှုများ၊ ဘာသာရေးဆိုင်ရာ အတွေးအမြင်များနှင့် အကြီးအကဲများ၏ ဆုံးမဩဝါဒတရားများလည်း အဓိကပါဝင်နေ၍သာဖြစ်ပါသည်။’

(ဒုတိယတိုင်းမှူးဆိုသည်မှာ… မှ)

*****

        ‘အခြေအနေပေးလာသည့် ထိုတစ်နေ့တွင် ကျွန်တော်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ မရဲတရဲတင်ပြမိပါသည်။

“ဗိုလ်ချုပ်မှူးကြီးခင်ဗျာ… ကျွန်တော့်ဇာတိရပ်ရွာရဲ့အမည်က ယိုးဒယားတက်ရွာမို့ အဲဒါ ယိုးဒယားဆိုတဲ့အမည်ကြီးပါနေလို့”

“အေးလေကွာ… မင်းတို့ရွာရဲ့နာမည်က အတိတ်ကောင်းနိမိတ်ကောင်း ဆောင်နေတာ၊ ဦးအောင်ဇေယျ အလောင်းဘုရားခေတ်တုန်းက ယိုးဒယားကို စစ်ချီတော့ မင်းတို့ရွာကလဲ စစ်ချီတက်ရာလမ်းကြောင်းထဲပါနေလို့ ယိုးဒယားကိုတက်မဲ့ ယိုးဒယားတက်ရွာလို့ နိမိတ်ဆောင်နေတာကွာ”

“ဟုတ်ကဲ့ပါခင်ဗျား… ဟုတ်ကဲ့ပါ”

ဤသို့ဖြင့် နိုင်ငံတော်အကြီးအကဲက အတိတ်ကောင်းနိမိတ်ကောင်းဆောင်နေသော ရွာအမည်ဟု မိန့်ဆိုနေမှဖြင့် ကျွန်တော့်မှာ ရှေ့ဆက်တင်ပြရမည့်အရေး ခရီးဝေးသွားရပါပြီ။’

(ဇာတိချက်ကြွေ မွေးရပ်မြေ… မှ)

*****

 

‘ကျွန်တော် နေပြည်တော်တိုင်းမှူး၊ စစ်ထောက်ချုပ်တာဝန် ထမ်းဆောင်ရချိန်တွင် ဆရာသည် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီး နေ့စဉ်တက်ခဲ့ရသော Briefing တွင် ဆရာ၏ တွေးဆချက်၊ သုံးသပ်ချက်၊ ဆုံးဖြတ်ချက်များကို အတုယူမှတ်သားရပါသည်။ ဆရာ၏ တန်ဖိုးကြီးမားသော ဩဝါဒစကားကြောင့် ဘဝခရီးတွင် စိတ်နေထားတတ်ခဲ့ရပါသည်-

“မင်းတို့တွေမှာ ရာထူး၊ အာဏာမရှိတော့တဲ့အချိန်မှာ တချို့သောပုဂ္ဂိုလ်တွေရဲ့ ဆက်ဆံရေးက ပြောင်းလဲသွားလိမ့်မယ်၊ အရင်တုန်းကလို အရေးတယူ ရှိချင်မှရှိပါလိမ့်မယ်၊ အဲဒီလိုကြုံလာရင် မင်းတို့ စိတ်မကောင်းမဖြစ်ကြပါနဲ့၊ အဲဒီပုဂ္ဂိုလ်တွေကိုလဲ အပြစ်မမြင်ကြပါနဲ့၊ ဒါဟာ လောကဓံတရားတွေပဲ၊ လူ့သဘာဝတွေပဲဆိုတာ နားလည်ကြ” တဲ့၊’

(ဘေးရန်ဆီးကာ မြတ်ဆရာ… မှ)

*****

‘အောင်မြင်သောတိုက်ပွဲတစ်ပွဲတွင် ခေါင်းဆောင်ကြသူများမှာ တစ်ရာမျှမက ရှိနေကြလင့်ကစား အောင်မြင်မှုမရရှိသော၊ ရှုံးနိမ့်သောတိုက်ပွဲတစ်ပွဲတွင်မူ “အဖေ” ရယ်ဟုခေါ်ရမည့်ခေါင်းဆောင်တစ်ဦး ရှိခဲလှပါသည်။

ယန်းကောင်နယ်မြေ ထိုးဖောက်တိုက်ပွဲတွင် ကျွန်တော်တို့အတွက် “အဖေ” ခေါ်စရာမရှိခဲ့ပါ။ ရှိနေသော “အဖေ”သည်ပင် တိုက်ပွဲတွင် ကျဆုံးခဲ့ရလေပြီ။ ထိုအဖေကိုပင် သင်သွားလိုရာသွားနိုင်ပြီဟု အမိန့်ပြန်တမ်းထုတ်ခဲ့ရပါပြီ။

အမှန်မှာ အဖေဆိုသော တပ်ရင်းမှူး ကျဆုံးခဲ့ခြင်းမဟုတ်ပါ။ ပြည်သူများအတွက် ငြိမ်းချမ်းခြင်း၊ လွတ်လပ်ခြင်း၊ ရှင်သန်ခြင်းများ မွေးဖွားပေးခဲ့ခြင်းသာဖြစ်ပါသည်။ ရှေ့တန်းစစ်မြေပြင်တွင် စစ်သည်တော်တစ်ဦး တိုက်ပွဲကျဆုံးသွားခြင်းသည် နောက်တန်းနယ်မြေရှိ ပြညသူများ၏ အသက်၊ အိုးအိမ်များကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။ ရှေ့တန်းတွင် ရင်ဆိုင်နေရသောရန်သူကို မုန်း၍မဟုတ်ပါ။ နောက်တန်းရှိပြည်သူကိုချစ်၍ တိုက်ပွဲဝင်နေခြင်းဖြစ်ပါသည်။

(ရဲဘော်… သင်သွားလိုရာသွားနိုင်ပြီ… မှ)

*****

‘ကျွန်တော်သည် ပညာရှင်များ၏အဆိုအတိုင်း မိမိကိုယ်မိမိ ပုံတူပန်းချီကားများ ရေးဆွဲမိပါပြီ။ ထိုမျှမက မိမိဘဝသမိုင်းစာအုပ်တစ်အုပ် ကိုယ်တိုင်ပြုစုရေးသားခဲ့ပါသည်။ မိမိကိုယ်ခန္ဓာနှင့် မိမိအသက်ကို ပေးဆပ်စွန့်လွှတ်လိုသောစိတ်ဖြင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ရှင်သန်နေဆဲဖြစ်သော အငြိမ်းစားတပ်မတော်သားတစ်ဦး၏ ဘဝသမိုင်းပုံတူ စာပန်းချီကားတစ်ချပ်သာဖြစ်ပါသည်။ ကိုယ်တိုင်ဆွဲခဲ့သောပန်းချီကားနှင့် ကိုယ်တိုင်ပြုစုခဲ့သော ဘဝသမိုင်းစာအုပ်သည် (ကိုယ်နှင့်သက်ကို နှင်းဆက်လို၍)ဟု အမည်ပေးဖြစ်ပါသည်။’

‘ကျွန်တော်၏စာများတွင် စာပုပ်၊ စာဆွေးများနှင့် ကိုယ်ရည်သွေးဂုဏ်ဖော်စာစုများပါရှိနေပါက စာရှုသူတို့၏ ခြေဖဝါးတစ်ဖက်ဖြင့် နင်းဖိထားပြီး နှစ်သက်သောစာပေ၊ စာစုများကိုသာ ကျန်ခြေဖဝါးတစ်ဖက်ရှိ ခြေမကြားတွင်ညှပ်ယူ၍ အသုံးပြုနိုင်ကြပါစေရန် မေတ္တာပြုအပ်ပေသည်’ ဟု ဆရာဝေလွင်မောင်က အမှာပြုထားပါသည်။

စာအုပ်မှာယူမယ်ဆိုရင်တော့-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

 

 

Scroll to Top