နှုတ်မှုရေးရာအနုပညာ

နှုတ်မှုရေးရာအနုပညာ

စာအုပ်အမည်- နှုတ်မှုရေးရာအနုပညာ

ရေးသူ- ဝေလွင်မောင်

ထုတ်ဝေသူ- မြဝတီစာပေတိုက်

စာရေးဆရာဝေလွင်မောင်၏ “နှုတ်မှုရေးရာ အနုပညာ” စာအုပ်ထွက်ရှိလာပါသည်။ စာအုပ်တွင်  ‘နှုတ်မှုရေးရာရှင်းလင်းတင်ပြခြင်းဆိုသည်မှာ’၊ ‘မြေပုံတင် ရှင်းလင်းတင်ပြခြင်း’နှင့် ‘စကားသစ္စာ ပန်းမေတ္တာ’ ဆောင်းပါး ၃ ပုဒ်ကို စုစည်းတင်ပြထားပါသည်။

“မြန်မာမှုနယ်ပယ်တွင် ‘နှုတ်ကြောင့်သေတတ်သည်’ဟုဆို၏။ ‘အပြောမတတ်တော့ ဆဲသလိုဖြစ်သည်’ဟု ဆုံးမစကားလည်းရှိသည်။ နှုတ်မှုအပြောအဆိုနှင့်ပတ်သက်သော သတိပေးစကားအများအပြားရှိကြသည်။ လိုက်နာစောင့်ထိန်းနိုင်သည်နှင့်အမျှ အကျိုးများလှသည်။ တစ်ဦးမှတစ်ဦးသို့ ပြောဆိုခြင်း၊ တစ်ဦးမှ ပရိသတ်အများသို့ ရှင်းလင်းတင်ပြခြင်း၊ လူအပေါင်းစုဝေးဆွေးနွေးတိုင်ပင်ကြခြင်း စသည့်လုပ်ငန်းစဉ်များတွင် ညီညွတ်သော သဘောတူဆုံမှတ် သို့ မရရှိကြသည့်တိုင်အောင် အမုန်းတရားမပွားကြရန်လိုပါမည်။ အပြောအဆိုလိမ္မာပါးနပ်ခြင်းသည် ချစ်ခြင်းမေတ္တာတရားပွားများ၏။ မိတ်ဆွေတိုးပွား၏။” ဟု ဆရာ၏အမှာတွင် စေတနာဖြင့် ရေးသားထားပါသည်။

“ရှင်းလင်းတင်ပြခြင်းသည် စကားအတတ်ပညာပေါ်တွင် အခြေခံသည်။ စကားတစ်ခွန်းကြောင့် ဘဝတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်။ စကားတစ်ခွန်းကြောင့် နိုင်ငံတစ်နိုင်ငံကို ပြောင်းလဲစေနိုင်သည်။ စကားတစ်ခွန်းကြောင့် ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲစေနိုင်သည်။” ဟု ‘နှုတ်မှုရေးရာ ရှင်းလင်းတင်ပြခြင်းဆိုသည်မှာ’ ဆောင်းပါးတွင် ဖွင့်ဆိုထားသည်။ ထို ‘နှုတ်မှုရေးရာ ရှင်းလင်းတင်ပြခြင်းဆိုသည်မှာ’ ဆောင်းပါးကို အဆင့် ၇ ဆင့်ဖြင့် စုဖွဲ့တင်ပြထား သည်။ အဆင့်တစ်ဆင့်စီတွင် အသေးစိတ်ခေါင်းစဉ်ခွဲ၍ တင်ပြထားသည်မှာ စနစ်တကျရှိပါသည်။ ထို့ပြင် အဆင့်တစ်ခုပြီးတိုင်း အနှစ်ချုပ်အဖြစ် ထပ်မံတင်ပြထားသည်။

“မြေပုံတင်ရှင်းလင်းခြင်းတွင်လည်း  နှုတ်အပြောအဆိုမှာ အခြေခံကျသော အကြောင်းအရပ်ပင်ဖြစ်သည်။ တပ်၏သဘောသဘာဝများအရ စကားကို အပိုအလိုမရှိ တိကျစွာတင်ပြခြင်း၊ လက်အောက်သို့ ညွှန်ကြားခြင်းများ ဆောင်ရွက်ရပါသည်။ မိမိ၏ ရှင်းလင်းတင်ပြချက်များသည် နားထောင်ရသူအတွက် အလွယ်တကူ နားလည်သဘောပေါက်စေရန် လိုအပ်ပါသည်။” ဟု ‘မြေပုံတင်ရှင်းလင်းတင်ပြခြင်း’ ဆိုသောဆောင်းပါးတွင် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထိုဆောင်းပါးတွင် ‘စကားကြီး ဆယ်မျိုး’ ၏အရေးပါမှုကို စာကိုးကားဖြင့် အသေးစိတ်တင်ပြထားသည်။

ထို့ပြင် “လူတို့တွင် (ကာယကံ၊ ဝစီကံ၊ မနောကံ) မကောင်းမှုများအနက် ဝစီကံနှုတ်အားဖြင့် မကောင်းမှုပြုခြင်းသည် အများဆုံးဖြစ်နိုင်ကြသည်။ လူတွင် မနောကံမကောင်းသောစိတ်ဖြစ်ပေါ်လာရုံမျှဖြင့် တစ်ပါးသူကို ထိခိုက်နစ်နာစေမှုမဖြစ်နိုင်ပါ…။ ထို့အတူ ကာယကံမြောက်ပြစ်မှုကျူးလွန်ရန်မှာ တရားဥပဒေအရ၊ လူမှုရေးအရ ကန့်သတ်တားဆီးမှုများရှိသည့်အတွက် အလွယ်တကူ ကျူးလွန်ရန် ခက်ခဲပါသည်…။ ထို့ကြောင့် ကာယကံ၊ ဝစီကံနှင့် မနောကံမှုသုံးရပ်တွင် ကျူးလွန်ရန်လွယ်ကူသည့် ဝစီကံနှုတ်မှုဒုစရိုက်ကို သတိတရားဖြင့်ထိန်းသိမ်းကြရန် တိုက်တွန်းပါသည်…။” ဟု ‘စကားသစ္စာ ပန်းမေတ္တာ’ ဆောင်းပါးတွင် စာရေးသူ၏စေတနာကို သိမြင်နိုင်ပေသည်။

စာအုပ်မှာယူလိုပါက-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Scroll to Top