မင်းရေးကြွယ်ကြွယ်

မင်းရေးကြွယ်ကြွယ်

စာအုပ်အမည်- မင်းရေးကြွယ်ကြွယ်

ရေးသူ- ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်

တန်ဖိုး- ၃၀၀၀

ပို့ခ- အခမဲ့

စာမျက်နှာ- ၂၆၂

ထုတ်ဝေသူ- မြဝတီစာပေတိုက်

 

ယခင်အခါက ထုတ်ဝေခွင့်မရခဲ့တဲ့ ကွယ်လွန်သူ(စာရေးဆရာမြတ်ထန်) ဗိုလ်မှူးကြီး(ဟောင်း)တင်မောင်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ ကိုယ်တိုင်ရေးဘဝအတွေ့အကြုံများစာအုပ်ဖြစ်ပြီး မြဝတီစာပေတိုက်က ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေထားတာဖြစ်ပါတယ်။

မင်းရေးကြွယ်ကြွယ် စာအုပ်မှာ စာရေးသူဖြတ်သန်းလာခဲ့တဲ့ တပ်မတော်သားဘဝနဲ့ အိမ်စောင့်အစိုးရလက်ထက် နိုင်ငံရေးမှာ တပ်မတော်ရဲ့ ပါဝင်ပတ်သက်ခဲ့ရမှုအစိတ်အပိုင်းအချို့ကို လေ့လာတွေ့ရှိနိုင်ပါတယ်။ တိုင်းပြည် လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါခဲ့တဲ့ ဖဆပလအဖွဲ့ကြီးဟာ ၁၉၅၈ ခုနှစ်မှာ နှစ်ခြမ်းကွဲသွားခဲ့ပြီး ‘တည်မြဲဖဆပလ’ နဲ့ ‘သန့်ရှင်းဖဆပလ’ တို့ရဲ့ နိုင်ငံရေးအားပြိုင်မှုတွေအကြား ဒီမိုကရေစီခေတ်ဦးကာလ ရွေးကောက်ပွဲမှာ တပ်မတော်အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့သက်ရောက်မှုတွေကိုလဲ လေ့လာတွေ့ရှိနိုင်ပါတယ်။

သန့်ရှင်းဖဆပလ အနိုင်ရတဲ့အခါမှာလဲ သန့်ရှင်းတို့ကို ထောက်ခံခဲ့ကြတဲ့ ‘ပမညတ’ တို့အတွင်းမှာ အစိုးရကပေးတဲ့ရာထူးတွေကို ယူရေး၊ မယူရေးနဲ့ပတ်သက်ပြီး စိတ်ဝမ်းကွဲကြတဲ့အပြင် တိုင်းပြည်အတွင်း တည်မြဲဖဆပလထောက်ခံသူတွေနဲ့ သန့်ရှင်းဖဆပလထောက်ခံသူတွေအကြား တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်စောင်ကာ စည်းလုံးမှုပျက်ပြားလျက်ရှိတာကလဲ မြန်မာ့နိုင်ငံရေးလောက ရဲ့သရုပ်ကို ထင်ဟပ်နေသလိုပင်ဖြစ်ပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ ‘အိမ်စောင့်အစိုးရ’ အနေနဲ့ တစ်တိုင်းပြည်လုံး ပျက်စီးယိုယွင်းနေတဲ့ စိတ်ဓာတ်ကစပြီး တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ကဏ္ဍအသီးသီးမှာ ကျရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံကိုလဲ တွေ့ရှိနိုင်ပါတယ်။ ပြည်တွင်းဆူပူသောင်းကျန်းမှုတွေကို ရှိသမျှအင်အားနဲ့တွန်းလှန်ပြီး အမြစ်မပြတ်သေးတဲ့ သောင်းကျန်းမှုတွေကို ဆက်လက်နှိမ်နင်းနေရတဲ့ တပ်မတော်ဟာ တိုင်းပြည်တိုးတက်ရေးအတွက် ‘အိမ်စောင့်အစိုးရ’ အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တည်ဆောက်ထမ်းရွက်ခဲ့ပုံတွေကိုလဲ လေ့လာတွေ့ရှိနိုင်ပါတယ်။

အိမ်စောင့်အစိုးရအနေနဲ့ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပပေးဖို့ ကြေညာလိုက်ချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမဲ့ ပါတီအသီးသီးရဲ့ မဲဆွယ်ကြပုံကို စာရေးသူက “ရွေးကောက်ပွဲ တွင်ယှဉ်ပြိုင်ကြမည့် သန့်ရှင်းဖဆပလ၊ တည်မြဲဖဆပလနှင့် ပမညတတို့သည် တက်သုတ်ရိုက်ကာ မီးကုန်ယမ်းကုန်စည်းရုံးကြသည်၊ လှုပ်ရှားကြသည်၊ မဲဆွယ်ကြသည်။ တစ်တိုင်းပြည်လုံး လှုပ်လှုပ်ရွရွ။ ဖဆပလ၏ အနီရောင်၊ ပထစ၏ အဝါရောင်၊ ပမညတ၏ အပြာရောင်တို့က သစ်ပင်တွေမှာ၊ တိုက်အိမ်အဆောက်အဦနံရံတွေမှာ၊ လမ်းဘေးတွေမှာ ဘယ်ကိုပဲကြည့်လိုက် ဝါနီပြာတို့က ရောင်စုံကစားနေကြသည်။ သီချင်းသံတွေ၊ ကြွေးကြော်သံတွေကလည်း နေ့ရောညပါ နားကွဲလုမတတ်၊ တကြော်ကြော်” လို့ ရေးသားထားရာ နိုင်ငံရေးပါတီတွေရဲ့ အားပြိုင်မဲဆွယ်မှုတွေဟာ ခုခေတ်မှာမှ မဟုတ် ယခင်ကာလကပင် အပြိုင်အဆိုင်ဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။

တပ်မတော်အနေနဲ့ကတော့ ရွေးကောက်ပွဲကျင်းပချိန်၊ မဲဆွယ်ချိန်တို့နဲ့ အချိန်ကိုက်ထကြွဆူပူသောင်းကျန်းလာတဲ့ သောင်းကျန်းသူတွေကို လိုက်လံနှိမ်နင်းရင်း တိုင်းပြည်ရဲ့ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စေဖို့ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ရတာကိုလေ့လာနိုင်သလို နိုင်ငံရေးပါတီအချို့ရဲ့ မဲဆွယ်ရာမှာ အဆင်မပြေမှုရှိလာတိုင်း တပ်မတော်ကို ခုတုံးလုပ် သိက္ခာချခဲ့ကြပုံတွေကိုလဲ သင်ခန်းစာယူဖွယ် လေ့လာတွေ့ရှိနိုင်ပါတယ်။

ဒီစာအုပ်မှာ နိုင်ငံရေးပါတီတွေပြိုကွဲမှု၊ နိုင်ငံရေးပါတီအချင်းချင်း အားပြိုင်မှုတို့ကြောင့် တိုင်းပြည်အခြေအနေ ပျက်ယွင်းခဲ့ရတာကို သင်ခန်းစာယူဖွယ်တွေ့ရှိရသလို နိုင်ငံရေးအရ သံဝေဂရဖွယ်၊ အတုယူဖွယ်ရာတွေ ပါဝင်တာကိုလဲ လေ့လာတွေ့ရှိနိုင်ပါတယ်။

 

စာအုပ်မှာယူမယ်ဆိုရင်တော့-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Scroll to Top