လေသူရဲလောင်းတစ်ယောက်၏ဘဝပုံရိပ်များ

လေသူရဲလောင်းတစ်ယောက်၏ဘဝပုံရိပ်များ

စာအုပ်အမည်- လေသူရဲလောင်းတစ်ယောက်၏ဘဝပုံရိပ်များ

ရေးသူ- ကို(စစ်တက္ကသိုလ်)

ထုတ်ဝေသူ- မြဝတီစာပေတိုက်

အမျိုးသားစာပေဆုရဆရာကြီး ကို(စစ်တက္ကသိုလ်)၏ “လေသူရဲလောင်းတစ်ယောက်၏ ဘဝပုံရိပ်များ”စာအုပ်ဖြစ်ပါသည်။ စာအုပ်တွင် ‘လေသူရဲလောင်းတစ်ယောက်၏အတိတ်ပုံရိပ်များ’ မှ ‘ပုံရိပ် (၂၃)’ အထိ ဘဝအတွေ့အကြုံဆောင်းပါးရေ စုစုပေါင်း ၂၄ ပုဒ်ပါဝင်ပါသည်။ ဆရာကြီး၏ဘဝပုံရိပ်များကို ဆောင်းပါးအဖြစ် ဖန်တီးရေးဖွဲ့ထားသည်မှာ ဝတ္ထုကဲ့သို့ ရသမြောက်မြားစွာပေးစွမ်းလျက်ရှိသည်။ ‘ပုံရိပ်’ (၁) တွင် “အချိန်ကာလနှင့် သက်ရှိသက်မဲ့တို့၏ ရွေ့လျားလုပ်ဆောင်မှုတို့သည် ပုံမှန်ပင်ရှိသော်လည်း ကိုယ်က သိပ်ပြီးဆန္ဒစောလွန်းနေပါက ပြီးမပြီးနိုင်၊ ဖြစ်မဖြစ်နိုင်၊ ရောက်မရောက်နိုင် စသည်ဖြင့် သည်းမခံနိုင်လောက်အောင် ကြန့်ကြာသည်ဟု အထင်ရောက်တတ်လေသည်” ဟု ရေးဖွဲ့ထားသည်မှာ အချိန်၏စေစားမှုပေါ်လွင်စေပါသည်။

“စေ့စေ့တွေးကြည့်မှ ရေးရေးပေါ်လာသည်။ အရာရှိတစ်ယောက်အနေဖြင့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းတွေနှင့် ကင်းကွာ၍မရချေ။ လေယာဉ်မောင်းတာက နာရီပိုင်းမျှသာဖြစ်သည်။ ကျန်အချိန်တွေမှာ အနည်းဆုံးတော့ အုပ်ချုပ်စီမံဆိုင်ရာအလုပ်တစ်ခုခုနှင့်ကြုံရနိုင်သည်။ ဥပမာ – သီးခြားတာဝန်တွဲပေးထားသော တပ်ရေး၊ လုံခြုံရေးအရာရှိ၊ မော်တော်ယာဉ်အရာရှိ စသည့်စခန်းတွင်းအုပ်ချုပ်ရေးတာဝန်များကို လေယာဉ်မမောင်းချိန်တွင် ထမ်းဆောင်ရနိုင်သည်။ ရှားရှားပါးပါးစုံစမ်းစစ်ရေးခုံရုံးဥက္ကဋ္ဌ၊ စစ်တရားရုံးအဖွဲ့ဝင်၊ တရားခံဘက်အရာရှိဆိုတာတွေကလည်း အလှည့်ကျရောက်လာနိုင်သည်။” ဟု ပုံရိပ် (၁၇) တွင် တပ်မတော်အရာရှိတစ်ဦးအပေါ် မည်သည့်တာဝန်ပေးအပ်လာနိုင်သည်ဟု ကြိုတင်သိစေရန် ရည်ရွယ်ထားပါသည်။ ဆရာကြီး၏ဘဝသရုပ်ကို ဗိုလ်လောင်းဘဝ၊ ၎င်းမှ လေသူရဲလောင်းတစ်ဦး၊ ထိုမှ တာဝန်ကျေပွန်သည့်လေသူရဲလောင်းတစ်ဦး စသည်ဖြင့် ဘဝဖြတ်သန်းခဲ့ပုံများကို နှောင်းလူများဖြစ်သည့် တပ်မတော်သားအရာရှိငယ်များမှ  အတုယူချင်စရာ၊ စံထားစရာအဖြစ် ပုံဖော်ရေးသားထားပါသည်။ ဘဝတွင် မည်သည့်အခက်အခဲများကြုံလာစေကာမူ ဇွဲရှိရှိ၊ လုံ့လဖြင့်ကြိုးစားလျှင် အောင်မြင်သည်ကို –

“ဗိုလ်မှူးကြီး၏လက်ဖြင့် ကျွန်တော့်ဘယ်ဘက်ရင်ဘတ်ပေါ်တွင် ရွှေတောင်ပံကို ဖိနှိပ်တပ်ဆင်ပေးလိုက်သည့်တစ်ခဏဝယ် ဪ . . . အနှစ်နှစ်အလလက ငါဖြစ်ချင်တဲ့ရည်မှန်းချက်၊ ဆန္ဒပြည့်ဝလေပြီကောဟူသောအသိဖြင့် တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထကာ ဝမ်းသာပီတိခံစားရပါလေသည်” ဟုရေးဖွဲ့ထားပါသည်။

ဤစာအုပ်ကို မျက်နှာဖုံးဒီဇိုင်း မြတ်ဆု၏ လက်ရာဖြင့် မြဝတီစာပေတိုက်ကထုတ်ဝေပြီး တစ်အုပ်တန်ဖိုး ၂၀ဝဝ ကျပ်ဖြင့် စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

စာအုပ်မှာယူလိုပါက-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Scroll to Top